သရုပ်ဆောင် ဝေဠုကျော်နဲ့ ချစ်ကြိုက်နေစဉ် ကာလအတွင်း ၃ ကြိမ်တိတိ လမ်းခွဲခဲ့ပြီး ၃ လအကြာမှာ ယူပါမယ်ဆိုတဲ့ ကတိစကားကြောင့် ရှေ့ဆက်တိုးခဲ့တာဖြစ်တယ်လို့ သင်းသင်းက ပြောပါတယ်။“ကျမနဲ့ သူနဲ့ ပတ်သက်တဲ့ အချိန်ကြားထဲမှာ သူ့ကို ၃ ကြိမ်တိတိ ဖြတ်ခဲ့ပါတယ်။ ဖြတ်ခဲ့တယ်ဆိုတာလည်း သူ့ရဲ့စိတ်ကို တဖြည်းဖြည်း သိတဲ့အချိန်မှာ သူ့ကို အရမ်းကြောက်သွားတယ်။ ၃ ကြိမ်တိတိ ဖြတ်ဖို့ ကြိုးစားခဲ့တယ်။ ကိုယ့်ရှေ့ရောက်တိုင်း မင်းသားဆိုတဲ့ အတိုင်းပဲ ငိုတယ်။ သူကချည်းပဲ ကိုယ့်ကို တောင်းပန်ခဲ့တယ်။


၃ လနေပြီးရင် သူ ယူမယ် စောင့်ပါဆိုတဲ့ အချိန်မှာ ကျမတို့က ၆ လကျော် ၇ လအထိရောက်လာတဲ့အချိန်မှာ သူ့ရဲ့အပေါင်းအသင်း၊ သူ့ရဲ့အသိုင်းအဝိုင်း၊ သူကိုယ်တိုင်ကိုက ကိုယ့်အပေါ်မှာအများကြီး ပြောင်းလဲလာတယ်။ စော်ကားတဲ့ ဒဏ်၊ သူ့မိဘတွေရဲ့စော်ကားတဲ့ ဒဏ်ကိုလည်း ခံရတယ်”။“နောက်ဆုံး သူ့မိဘတွေ စော်ကားတဲ့အချိန်ထိ အေးအေးဆေးဆေး နေနေသေးတယ်။ သူသာလျှင်အဓိကပဲဆိုပြီး၊ ဒါပေမဲ့ သူကိုယ်တိုင်ကလည်း ရက်ရက်စက်စက် ပြောဆိုတာပေါ့။ အဲဒါကြောင့် ဒါမျိုးလေးတွေ ဖြစ်သွားတာပေါ့” လို့ ပြောပါတယ်။ဒီကနေ့ ရုံးချိန်းမှာတော့ ဝေဠုကျော်ဘက်မှ ငွေရေးကြေးရေးကိစ္စများနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ထွက်ဆိုတယ်လို့ သိရပါတယ်။ “ငွေရေးကြေးရေးကိစ္စက ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ကြိုက်ပြီဆိုရင် သူတို့ချစ်တဲ့ မိန်းကလေးကို တန်ဖိုးထားပြီး Surprise လုပ်တာ ရှိတယ်။


အဲဒါတွေက ပြောနေစရာမှ မလိုတာ။ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အရမ်း အထောက်အကူပြုပြီးတော့ ကမ်းလှမ်းပြီး အိမ်ငှားခနဲ့ပတ်သက်လို့လည်း သူ့ကို အပူကြီး သွားကပ်ထားတာလည်း မရှိဘူး”“တစ်ယောက်နဲ့ တစ်ယောက် ရည်းစားဆိုတာ ဖြစ်လာပြီဆိုရင် ဒါတွေက ပြောနေစရာမှ မလိုတာ။ ၅ သောင်း၊ ၁ သိန်းလောက်က သမီးရည်းစားဘဝမှာ ပြောနေစရာမှ မလိုတာ။ သူအခက်အခဲ ရှိရင်လည်း ပြောတာပဲ။ တယောက်နဲ့ တယောက်က အပြန်အလှန်လေ။ စပွန်ဆာထားတာမှ မဟုတ်တာ” လို့ သင်းသင်းက ပြောပါတယ်။ယောကျာ်းတစ်ယောက်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု တစ်ခုကို လိုချင်တာကြောင့် အမှန်တရားတစ်ခုအတွက် ဆက်လျှောက်လှမ်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။“ရယူလိုမှု ရှိမှတော့ဖြင့် အခုလို အရှက်ကွဲခံနေမလား။ အရှက်ကွဲ ခံမနေတော့ဘူး။ သူတို့ တိတ်တိတ်ပုန်း ဖြေရှင်းလိုက်ရင်တောင် ရတယ်။ ဘယ်သူမှတောင် သိမှာ မဟုတ်ဘူး။ ကျမလည်း အခုအချိန်မှာ ဇိမ်နဲ့ နေနေရပြီ။ တကယ်ကို စဉ်းစားပြီး ကိုယ့်ကို ကိုယ်ချင်းစာပေးတဲ့သူတွေ အကုန်သိတယ်”။



“တဖက်လူရဲ့အနေအထားနဲ့ ကျမလို အနေအထားကို တိတ်တိတ်ပုန်း ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေမှ အများကြီးပဲ။ ကျမ လိုချင်တာ ငွေ မဟုတ်ဘူး။ ယောက်ျားတယောက်ရဲ့တာဝန်ယူမှု၊ တာဝန်ခံမှုကိုလိုချင်တာ။ အဲဒါကြောင့် အမှန်တရားတခုကို သွားတာ” လို့ သင်းသင်းက ပြောပါတယ်။သရုပ်ဆောင် ဝေဠုကျော်အား တရားလိုဖြစ်သူ သင်းသင်းမှ ကာမလိမ်လည်မှုဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။
- Mg Kaung