တေးသံရှင်တစ်ဦးဖြစ်တဲ့ ချယ်ရီသင်းကတော့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အောင်နိုင်ရေးသီချင်းတွေလိုက်လံသီဆိုပေးခဲ့ရဖူးသူဖြစ်ပါတယ်။မကြာခင်ကာလမှာဆိုရင်လည်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲနဲ့ ပတ်သက်နဲ့ အမှတ်တရတွေ ၊ မဲပေးခဲ့ရတဲ့ အတွေ့အကြုံတွေကို မျှဝေလာပါတယ်။



” ၂၀၁၅ ရွေးကောက်ပွဲတုန်းက အောင်နိုင်ရေးသီချင်းတွေလိုက်ဆိုပေးခဲ့ရဖူးတယ်။ အဲ့ဒါကတော့ ကိုယ်ယုံကြည်တဲ့အရာကိုလုပ်နေရတော့ ပင်ပန်းတယ်လို့ကို မခံစားရပါဘူး။ အဲ့ဒီတုန်းကတော့ တချို့ကလည်းပြောတာဆိုတာတော့ရှိတာပေါ့။ အနီကို အားပေးတဲ့သူကလည်း အစိမ်းဆို မကြိုက်ဘူး။ အစိမ်းကိုအားပေးတဲ့သူကလည်း အနီကို မကြိုက်ဘူး။ အဲ့လိုပေါ့နော်။ ကိုယ်ကတော့ ကိုယ်ယုံကြည်ချက်နဲ့ပဲ ကိုယ်သွားပါတယ်။မဲပေးတုန်းကလည်း ကိုယ့်ရဲ့ ယုံကြည်မှုနဲ့ ကိုယ်ပဲပေါ့နော်။ ကိုယ်ယုံကြည်တဲ့အရာကိုပဲပေးတာပေါ့။ ဘာပဲဖြစ်ဖြစ် မဲကတော့ပေးသင့်တာပေါ့။ ကိုယ်ပေးလိုက်တဲ့ မဲတစ်ခုက တစ်ခုလို့ပဲထင်ရပေမယ့် အများနဲ့ပေါင်းလိုက်ရင် အများအားနဲ့ဖြစ်သွားမှာဆိုတော့ ကိုယ်ယုံကြည်တဲ့ဘက်ကို မဲပေးကြပါလို့ ချယ်ရီက တိုက်တွန်းချင်ပါတယ် ” ဆိုပြီး သူကဆိုပါတယ်။



ဒါ့အပြင် မဲပေးခွင့်ဟာ နိုင်ငံသားတစ်ယောက်ရဲ့ အခ့င့်အရေးဖြစ်တာကြောင့် လူတိုင်းကို မဲပေးစေချင်တဲ့ အကြောင်းကိုလည်း ချယ်ရီသင်းက တိုက်တွန်းပြောဆိုခဲ့ပါတယ်။” တချို့ကျတော့လည်း နိုင်ငံရေးက ငါတို့ ကိစ္စမဟုတ်ဘူး။ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ ဒါပေမယ့်လည်း ကိုယ်ရွေးချယ်လိုက်တဲ့သူတွေက တကယ်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာမယ်ဆိုရင် ကိုယ့်ရဲ့နိုင်ငံကြီးလည်း တိုးတက်မှာဖြစ်တယ်။ ဒါ့ကြောင့် အခွင့်အရေးရရင်တော့ မဲပေးစေချင်ပါတယ်။ လူတိုင်း မဲပေးကြပါလို့ တိုက်တွန်းချင်ပါတယ် ” လို့ သူကဆိုပါတယ်။
- Mg Kaung