ကိုဗစ်ကာလမတိုင်ခင်မှာဖျော်ဖြေပွဲလုပ်လိုက်မိတာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ပြောလာတဲ့ ဘန်နီဖြိုး

ဘန်နီဖြိုးကတော့ ကိုဗစ်ကာလ အိမ်မှာနေရတဲ့ အချိန်အတွင်းမှာ ပြန်လည် တွေးတောရင်း ကိုဗစ် မဖြစ်ခင် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့တဲ့ ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။“အခုကာလမှာ အိမ်ထဲနေရင်း ပြန်တွေးမိတာ တစ်ခုက ဖေဖော်ဝါရီလမှာ Dreamworld 2020 Solo Concert ကို ၂ ရက် လုပ်ဖြစ်ခဲ့လိုက်တာ ဒီနှစ်အတွက်တော့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဆိုတာပါပဲ။ ကျွန်တော် နဲ့ 9 night နဲ့ Show လုပ်ကြမယ်ဆိုပြီး စတည်တော့ ဒီဇင်ဘာမှာ လုပ်မလား။ မွေးလ ဇူလိုင်လမှာ လုပ်မလားပေါ့။ နေရာကိုလည်း မိုးတွင်းဆိုရင်တော့ Indoor ရှာမယ်ပေါ့” ။

“ဒီလိုနဲ့ တစ်ရက်ကျတော့ ရက်စွဲ ထူးထူးဆန်းဆန်းတွေ ကြိုက်တတ်တဲ့ ကျွန်တော့ အကျင့်အတိုင်း ၂ ရက်၊ ၂ လ၊ ၂၀၂၀ မှာ လုပ်မယ်ဆိုပြီး ထဖြစ်ရော။ အဲဒါနဲ့ လုပ်မယ့်နေရာတွေ၊ Theme တွေ စဉ်းစားကြ၊ Plan ကြရင်း Yangon Gallery မှာ လုပ်မယ်ရက် ညှိကြရောပေါ့ဗျာ” လို့ ဘန်နီဖြိုးက ပြောပါတယ်။ဆက်လက်ပြီး “အဲ့လိုနဲ့ လိုချင်တဲ့ ၂ ရက်၊ ၂ လမှာက ပြပွဲ ရှိနေတော့ မရဘူး။ ဒီလိုနဲ့ ရတဲ့ရက်တွေ မေးလာ ပြန်တိုင်ပင်ကြနဲ့ တစ်ပတ်လောက် စဉ်းစားပြီးတော့ ၂ ရက်လုပ်မယ်ဗျာ။ Valentine’s Day နဲ့ ပြီးနောက်တရက်၊ ဖြစ်ချင်တာဖြစ် ၂ ရက် လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်ပါလေရော။ ဒီနေရာမှာ ကျွန်တော် ရူးသမျှ တစ်ချက် မညည်းဘဲ အကုန်လိုက်လျောပြီး လုပ်ပေးတဲ့ Executive Producer 9 night ကို အထူးကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။အဆိုပါ တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ “ချစ်သူများနေ့” နဲ့ နောက်တစ်ရက်၊ စုစုပေါင်း ဖျော်ဖြေရေး ၂ ရက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။“ဒီလိုနဲ့ပဲ ကျွန်တော် ဘန်နီဖြိုး တစ်ယောက် ကိုဗစ် မြန်မာပြည်မှာ မဖြစ်ခင် ကာလလေးမှာ ကပ်သီးလေး ဘဝရဲ့ ဒုတိယအကြိမ် Solo concert လုပ်ခွင့်ရခဲ့သည်ပေါ့ဗျာ။ မနေ့တစ်နေ့က အတိုင်းပါပဲ” လို့ဖျော်ဖြေပွဲအတွက်ပြင်ဆင်ခဲ့ရတုန်းက အမှတ်တရတွေကို ဘန်နီဖြိုးက ပြန်ပြောင်းပြောပြလာပါတယ်။

ဒီဖျော်ဖြေပွဲကိုတော့ DVD အနေနဲ့ ပြန်လည် ထွက်ရှိလာမှာဖြစ်ပြီး အသေးစိတ် အကြောင်းအရာများကိုလည်း ထည့်ပြောထားတယ်လို့ သိရပါတယ်။“အခု DVD အတွက် Edit တွေလုပ်ရင်း၊ ဓာတ်ပုံတွေရွေးရင်းနဲ့ အရာရာတိုင်းအတွက် အခွင့်အလမ်းတိုင်းအတွက် ကံရော၊ အလုပ်ရော၊ မိတ်ဆွေကောင်းတိုင်း၊ ပရိသတ်တိုင်းကိုရော သတိတရကျေးဇူးတင်ပါတယ်။ အားလုံး ကျန်းမာ အဆင်ပြေပါစေ။ ဂရုစိုက်ပါ။ မကြာခင် ဒီအမှတ်တရတွေနဲ့ ပြည့်နှက်နေတဲ့ D20 ကို ကျွန်တော်တို့ DVD (Concert + Documentary) ပြန်ထုတ်ပေးပါမယ်” လို့ ဘန်နီဖြိုးက ပြောပါတယ်။အဆိုတော် ဘန်နီဖြိုးကတော့ လက်ရှိအချိန်ထိ တစ်ကိုယ်တော်သီချင်းခွေ ၃ ခွေ ထွက်ရှိထားပြီး တစ်ကိုယ်တော်ဖျော်ဖြေပွဲ ၂ ခုကို ပြုလုပ်ထားတဲ့ အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.