အဆိုတော် ပိုပိုဟာ ဂီတလမ်းကြောင်းပေါ်မှာ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်လျှက်ရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်တဲ့အလုပ်တိုင်းအတွက် ဂုဏ်ယူနေမိတယ်လို့လည်း ပိုပိုက ပြောပါတယ်။ “ကိုယ့်ကိုယ်ကို အားကိုးပြီးနေလာတဲ့သူဆိုတော့ ကျေနပ်တယ်။ ဥပမာ ဘာပစ္စည်းပဲ ဝယ်ဝယ်၊ ဘာပဲလုပ်လုပ် ကိုယ့်ပိုက်ဆံနဲ့ကိုယ်လုပ်တယ်။




ကိုယ့်အရည်အချင်းနဲ့ကိုယ် ရပ်တည်ပြီးကြိုးစားတော့ ဘယ်သူ့မှကို မကြောက်နေရဘူးလေ။ အားလည်း အားနာမနေရဘူး။ ဒီခံစားချက်ကတော့ အမြဲဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်တဲ့ မိန်းကလေး တစ်ယောက်အနေနဲ့တော့ ကိုယ့်ကိုယ်ကိုယ် တော်တော်ဂုဏ်ယူတယ်” လို့ သူက ဆိုပါတယ်။ကိုယ်ပိုင်ရပ်တည်မှုနဲ့ ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်လျှက်ရှိတဲ့ အဆိုတော် ပိုပိုက သူမရဲ့အချစ်ရေးကိုလည်း အခုလိုပြောပြလာပါတယ်။ “ လက်ရှိ အချစ်ရေးကလည်း အဆင်ပြေတယ်။ သူက ကိုယ်ဘာပဲလုပ်လုပ် လုပ်ချင်တာ လုပ်ခွင့်ပေးထားတယ်။ အချစ်ခံရတဲ့ အချစ်ရေးလေ မမကို ချစ်တဲ့ မောင်လေးဆိုတော့ အရမ်းအဆင်ပြေပါတယ်။ ကိုယ်က အကြီးလည်းဖြစ်တယ်။




ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်နေတာ ဖြစ်တဲ့အတွက် မရစ်ဘူး။ ပြီးတော့ သူ့ကိုလည်းပြောထားတယ် ငါ့ပျော်ရွှင်မှုက နင့်အပေါ်မှာ မမူတည်ဘူးလို့ ပြောဖူးတယ်။ သူ့ကိုလည်း ဒုက္ခမပေးသလို သူကလည်း ကိုယ့်ကို ဒုက္ခ မပေးတဲ့လူတစ်ယောက်ပါ” လို့ ဆက်လက် ပြောပြခဲ့တာဖြစ်ပါတယ်။ ပိုပိုဟာ ပရိသတ်အခိုင်အမာရရှိထားတဲ့ မိန်းကလေးအဆိုတော်တစ်ယောက်ဖြစ်သလို မကြာသေးခင်ကလည်း သီချင်းအသစ်တစ်ပုဒ်ဖြန့်ချိခဲ့ပါသေးတယ်။ လက်ရှိ ကိုဗစ်ကာလမှာဆိုရင်လည်း ပိုပိုဟာ အလှူအတန်းတချို့ပြုလုပ်ခဲ့တာသေးတာလည်းဖြစ်ပါတယ်။
- Mg Kaung