ဂျပန်ကြီးကိုတော့ ပရိသတ်တွေက The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ခဲ့သူအဖြစ် ပရိသတ်တွေ စသိခဲ့တာပါ။ သူဟာ ဒိုင်လူကြီး(၄) ယောက်စလုံးရဲ့ လှည့်ကြည့်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဒိုင်လူကြီး(၄) ယောက်ထဲမှာမှ အဆိုတော် ကျားပေါက်ရဲ့ Team ကို ရွေးချယ်လိုက်တဲ့ ရည်ရွယ်ချက်ကို ပြောပြလာပါတယ်။



“ အရမ်းလေးစားရတဲ့သူတစ်ယောက်က ကိုယ့်အပေါ်မှာ Recomment လုပ်ပေးတာ အရမ်းပျော်ပါတယ်။ အတိုင်းမသိပေါ့နော်။ ကိုကျားပေါက်ကို ရွေးချယ်လိုက်တဲ့ အကြောင်းအရင်းကလည်း ကိုကျားပေါက်ကို အရမ်း Crazy ဖြစ်တယ်။ Music အပေါ်မှာ ထားတဲ့ သူ့ရဲ့ပညာကိုလည်း အရမ်းလေးစားပါတယ်။ အရမ်းလည်းကြိုက်တယ်။ သူဖန်တီးတဲ့ ဂီတတွေကို အရမ်းကြိုက်တာကြောင့် ကိုကျားပေါက်ရဲ့ Team ကို သွားလိုက်တာပါ” လို့ သူက ဆိုပါတယ်။ဂျပန်ကြီးဟာ တေးရေး၊ တေးဆို စည်သူ သီဆိုထားတဲ့ “ငါ့ဘဝ” ဆိုတဲ့ သီချင်းနဲ့ The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ သူပြိုင်ပွဲဝင်ခဲ့တဲ့ သီချင်းကို မသိတဲ့ သူတွေလည်းရှိတယ်လို့ ဂျပန်ကြီးက ဆိုပါတယ်။




“ အဆိုတော်တွေလည်း အများကြီးပဲ။ သီချင်းအသစ်တွေလည်း အများကြီး ထွက်နေကြတာဆိုတော့ သီချင်းကို သတိတာ မသိတာက အဓိက မကျပါဘူး။ တကယ်လေ့လာပြီးတော့ ဂီတကို လိုက်စားနေတဲ့သူတွေလည်းရှိကြပါတယ်။ ကိုယ်ကြိုက်တဲ့ လိုင်းက ကိုယ်ကြိုက်တဲ့ သီချင်းပဲလေနော်။ သီချင်းကို မသိဘူးဆိုတာကိုလည်း အပြစ်လို့ မြင်လို့ မရပါဘူး။ ကျွန်တော်ကတော့ သီချင်းဆိုရတာကို ဝါသနာပါတဲ့သူဖြစ်တာကြောင့် ရှေ့ဆက်ပြီး ပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားသွားဖို့ ဆုံးဖြတ်ထားပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
- Mg Kaung