သရုပ်ဆောင်မိုးဟေကိုကတော့ သူမရဲ့ ကိုယ်ပိုင် “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးကိုတည်ထောင်ထားတဲ့အပြင် အခြားစီးပွားရေးလုပ်ငန်းအဖြစ် ပိုးထည်ဆိုင်ကိုလည်းဖွင့်လှစ်ထားသူပါ။ Covid ကာလမှာ အနုပညာလုပ်ငန်းတွေရပ်နားထားရတဲ့အပြင် စီးပွားရေးဘက်မှာလည်း အခက်အခဲလေးတွေကြုံတွေ့ရပုံကိုမိုးဟေကိုက ပြောပြလာပါတယ်။



“ လူတိုင်း လူတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ခံစားနေရတဲ့ အခက်အခဲတွေကို မိုးလည်း ထပ်တူ ခံစားနေရတာပါပဲ။ ကိုယ်က အရှုံးနဲ့ လူပါ။ ကိုယ်တစ်ယောက်တည်း ထိခိုက်တာ မဟုတ်ဘူးလေ။ ဒါပေမယ့် အားလုံးက ခံနိုင်ရည်ရှိအောင် တောင့်ခံနေကြရတာ။ ရှိတာလေးတွေကို ခြွေတာပြီး သုံးနေရတဲ့ အချိန်ပါ။ ပြီးတော့ မိုးအမေက ကျန်းမာရေး ခြူခြာတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် အမေ့ကို ပိုဂရုစိုက်နေရတာပေါ့” လို့ဆိုပါတယ်။မိုးဟေကို ဟာသူမရဲ့ ပိုးထည်ဆိုင်က ပိုးထည်တွေကို Online ကနေ တဆင့် ကိုယ်တိုင် ရောင်းချပေးနေတာကိုလည်း တွေ့ရပါတယ်။ သူမရဲ့ ဆိုင်နာမည်ကို အသုံးချပြီး ငွေကြေးလိမ်လည်တာတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။



“ အခုက Covid ကာလဆိုတော့ စီးပွားရေးတွေလည်း အရမ်းကျတဲ့အတူတူ ဆိုင်လည်း ခဏပိတ်ထားပြီးတော့ အွန်လိုင်းကနေပဲ ဈေးရောင်းရတာ အဆင်ပြေတာဖြစ်တဲ့အတွက် နောက်ပိုင်းကျရင် Online Shopping လေးပဲ လုပ်ဖြစ်ဖို့ များပါတယ်။ ပြီးတော့ ဝယ်ယူအားပေးကြတဲ့ ပရိသတ်တွေကိုလည်း မိုးဆိုင်က ဖုန်းနံပတ် မဟုတ်ရင် ငွေမလွှဲကြပါနဲ့ဆိုပြီးတော့ Live ကနေရော၊ Page မှာရော တင်ထားတယ်။ ကိုယ့်ဆိုင်တင်မကဘူး တချို့ဆိုင်တွေကလည်း လိမ်လည်ခံနေရတယ်ဆိုတာ သိရတော့ ဒါက သင်ခန်းစာ တစ်ခုလို့ မှတ်ယူထားပါတယ်” ဆိုပြီးတော့လည်း ဆက်လက်ပြောပြသွားခဲ့ပါတယ်။
- Mg Kaung