လူပြောများနေတဲ့ The Voice Myanmar က အဖြစ်အပျက်နဲ့ပတ်သက်ပြီး ​Rဇာနည်ရဲ့ တုံ့ပြန်မှု

The Voice Myanmar Season 3 မှာ ပြိုင်ပွဲဝင် ရဲခန့်ဟာ “ညို့သောပင်လယ် ဆွဲငင်သောလမင်း” သီချင်းလေးနဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လတ်တလောမှာတော့ ဒီသီချင်းနဲ့ပတ်သက်ပြီး နီနီခင်ဇော်ရဲ့​ မူရင်းတေးသံရှင်ကို လွဲမှားစွာပြောဆိုခဲ့မှုက ပရိသတ်ကြားမှာ ဝေဖန်မှုတချို့ထွက်ပေါ်လျက်ရှိပါတယ်။ ဒီသီချင်းကတော့ ခေတ်အဆက်ဆက်ပရိသတ်ကြားမှာ ရေပန်းစားခဲ့တဲ့သီချင်းဖြစ်တာကြောင့် ပြန်ဆိုသူတွေအများအပြားရှိခဲ့တဲ့သီချင်းတစ်ပုဒ်ပါ။

ဘိုဘိုနဲ့ ရတနာဦးတို့ သီဆိုခဲ့သလို The Voice Myanmar ရဲ့ဒိုင်တစ်ဦးဖြစ်တဲ့ R ဇာနည်နဲ့ မီးမီးခဲတို့လည်း ဒီသီချင်းကို သီဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အိပ်မက်ဆုံရာ(ရာသက်ပန်) ရဲ့ Winner တစ်ဦးဖြစ်တဲ့ အောင်ထက်လည်း သီဆိုခဲ့ပြီး အရမ်းပေါက်ခဲ့တယ်လို့ ဆိုရမှာပါ။ရဲခန့်ရဲ့သီဆိုမှုအပြီးမှာတော့ ဒိုင်တစ်ဦးဖြစ်သူနီနီခင်ဇော်က အဆိုတော်အောင်ထက်ထံဖုန်းခေါ်ခဲ့ပြီး ပြိုင်ပွဲဝင် ကိုရဲခန့်နဲ့ မိတ်ဆက်ပေးခဲ့တဲ့အပြင် အဆိုတော်ကျားပေါက်နဲ့နီနီတို့နှစ်ယောက်ကတော့ ကိုရဲခန့်ကို ရဖို့ အောင်ထက်နဲ့ စကားပြောခဲ့ကြပါတယ်။ ဒီလိုအကြောင်းအရာနဲ့ပတ်သက်ပြီး ပရိသတ်တွေကတော့ ဒီသီချင်းကိုအရင်သီဆိုခဲ့သူက R ဇာနည်ဖြစ်တာမို့ R ဇာနည်အတွက် မျက်နှာပူခဲ့ကြသလို ဝေဖန်တဲ့မှတ်ချက်တွေကိုလည်း ရေးသားခဲ့ကြပါတယ်။အဆိုပါ ကိစ္စနဲ့ ပက်သက်ပြီး ကာယကံရှင် Rဇာနည်ကတော့ အခုလိုပဲ မီဒီယာမှာ ဖြေကြားခဲ့ပါတယ်။

” အဲ့ပြိုင်ပွဲတုန်းက ပြုံးနေခဲ့တာက ဒီလိုပဲ နဂိုကထဲက ရယ်ရယ်ပြုံးပြုံးပဲ နေတတ်လို့ပါ။ ရယ်သောသူပသက်ရှည်၏ဆိုသလိုပေါ့။ အပြုံးမှာတော့ ဘာအဓိပ္ပာယ်မှ မပါပါဘူး။ ညို့သောပင်လယ် ဆွဲငင်သောလမင်း သီချင်းကို ဆိုခဲ့တာက အကိုတို့က ၂၀၀၃ ခုနှစ်ကဆိုတာ ပထမဆုံးပေါ့နော်။ ရတနာဦးတို့ စုံတွဲဆိုခဲ့တာကကျ ၂၀၀၄ ခုနှစ် က ဒွေးရဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ဆိုခဲ့တာပေါ့။ မကြည်ဖြူသျှင် ပြောထားတာကတော့ ကိုစောခူဆဲကို ရုပ်ရှင်သီချင်းဆိုပြီး အပ်ခဲ့တာလို့လည်း သိရပါတယ်။ ” ဆိုကာ သီချင်းရဲ့ နောက်ကြောင်းသမိုင်းနဲ့ ပက်သက်ပြီး အခုလို ဖြေကြားခဲ့ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published. Required fields are marked *