The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှတဆင့် ပရိသတ်အားပေးလက်ခံမှု ရရှိထားသူ အဆိုတော်မယ်လိုဒီခေါင်ကတော့ Single Mom တစ်ယောက်အဖြစ် ဘ၀ကို ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်သန်းနေသူတစ်ဦးလည်းဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ အိမ်ထောင်တစ်ခုတည်ဆောက်ပြီးအလွယ်တကူပြိုကွဲကြတဲ့အပေါ်သူမရဲ့ အမြင်ကိုပြောပြလာပါတယ်။


” စိတ်ခံစားချက်ကို အရမ်းဦးစားပေးကြလို့လား မသိပါဘူး။ ကိုယ်တိုင်လည်း အဲဒါမျိုးတွေ အများကြီးမကြုံဖူးပါဘူး။ ဒါပေမဲ့ စိတ်ခံစားချက်ကို ဦးစားပေးတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်က ခံစားချက်လည်း မတူဘူးလေ။ ဒါပေမဲ့ အနုပညာရှင်တွေမှာက ဖိအားတွေရှိတယ်။ ပရိသတ်ကပေးတဲ့ ဖိအားတွေ၊ မိသားစုက ပေးတဲ့ဖိအားတွေနဲ့ အိမ်ထောင်ဖက်ကပေးတဲ့ဖိအားတွေလည်းရှိကြတယ်။ အဲဒီလို ဖိအားတွေများလာတော့ သူတို့လည်း စိတ်ထွက်ပေါက်တစ်ခုကို ရှာချင်ကြမှာပဲလို့ မယ်လိုဒီ ထင်ပါတယ် ” လို့ဆိုပါတယ်။


သူမကိုယ်တိုင်လည်း အိမ်ထောင်ပြိုကွဲပြီးနောက် single mom အဖြစ် ရုန်းကန်ခဲ့ရတဲ့အတွေ့အကြုံတွေကို အခြားသောလူငယ်တွေအတွက်မျှဝေခဲ့ပါသေးတယ်။” မယ်လိုဒီကိုယ်တိုင် ကလေးအသက် လေးနှစ်အထိ အများကြီးရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုချိန်ထိ အဆင်မပြေသေးဘူး၊ အပြောခံအဆို ခံနေရတုန်းပါပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးနေမယ်ဆိုတဲ့စိတ်နဲ့ဆိုတော့ ဘာကိုမှ ဂရုမစိုက်တော့ပါဘူး။လူငယ်တိုင်းက မှားတတ်ကြပါတယ်။ နှလုံးသားနဲ့ စိတ်ခံစားချက်ကို ဦးစားပေးတတ်ကြတော့ မဖြစ်သင့်တာတွေ ဖြစ်တတ်ကြပါတယ်။ အဲဒီအခါ ကျရင် ဦးနှောက်နဲ့လည်း ဦးစားပေးဆုံးဖြတ်တတ်ဖို့ လိုအပ်ပါတယ်။


မယ်လိုဒီလည်း ဘ၀မှာအများကြီးကြုံဖူးလို့ ကိုယ့်ဘ၀နဲ့ပတ်သက်ပြီးတော့ ပြန်လည် မျှဝေပေးခဲ့တာတွေလည်း ရှိပါတယ်။ ဒီအပေါ်မှာလည်း လူအများအမြင်မှာ အမြင်အမျိုးမျိုးရှိနိုင်ပေမယ့် မယ်လိုဒီ အခုလို မျှဝေလိုက်လို့ လူတစ်ယောက်လောက်ပဲ ပြောင်းလဲမယ်ဆိုရင်တောင် ကျေနပ်ပါတယ်။ ဒါကြောင့် လူငယ်တိုင်းကိုလည်း အားပေးချင်ပါတယ်။ နှလုံးသားတစ်ခုတည်းနဲ့ မဆုံးဖြတ်ကြပါနဲ့၊ ဦးနှောက်နဲ့ဆုံးဖြတ်ကြပါလို့ သတိပေးချင်ပါတယ်။ ” လို့ပြောပြသွားခဲ့တာပါ။
- Mg Kaung