ကမ္ဘာကျော်အဆိုတော် Selena Gomez နဲ့ နာမည်ကြီးကေပါ့အဖွဲ့ BLACKPINK တို့ဟာ video call ကနေတဆင့် စကားတွေအပြန်အလှန်ပြောခဲ့ကြပါတယ်။ဩဂုတ် ၂၄ ရက်နေ့မှာတော့ BLACKPINK အဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့ YG Entertainment ဟာ သူမတို့အဖွဲ့ရဲ့ မကြာခင်ထွက်ရှိလာမယ့်သီချင်းသစ် ” Ice Cream ” ရဲ့ ပထမဆုံးနမူနာ ဗွီဒီယိုကို Youtube မှာတင်ပေးခဲ့တာပါ။


၂၈ စက္ကန့်သာကြာမြင့်တဲ့ ဗွီဒီယိုထဲမှာတော့ BLACKPINK အဖွဲ့နဲ့အတူ ဒီသီချင်းမှာ အားဖြည့်သီဆိုပေးထားတဲ့ Selena Gomez တို့ဟာ video call ကနေတဆင့် အပြန်အလှန်စကားပြောခဲ့ကြတဲ့ပုံရိပ်တွေပါဝင်ခဲ့ပါတယ်။မနက်အစောကြီးမှာ အခုလိုစကားပြောဖို့စောင့်ဆိုင်းပေးနေကြတဲ့အတွက် ကျေးဇူးတင်ကြောင်း Selena Gomez က စတင်ပြောဆိုခဲ့ပြီး “Ice Cream ” သီချင်းနဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်တွေကိုအပြန်အလှန်ပြောဆိုခဲ့ကြတာပါ။BLACKPINK အဖွဲ့ဝင် Rośe က ” ကျွန်မတို့ရဲ့ သီချင်းသစ်မှာပါဝင်အားဖြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မတို့က ရှင့်ရဲ့ အမာခံပရိသတ်တွေပါ ” လို့ပြောဆိုခဲ့ပါတယ်။


Selena Gomez ကလည်း ” ငါအရမ်းစိတ်လှုပ်ရှားတယ်။ ငါလည်း မင်းတို့ရဲ့ ပရိသတ်တစ်ယောက်ဖြစ်နေခဲ့တာပါ။ မင်းတို့နဲ့ ဒီလိုအတူဆိုခွင့်ရဖို့က ငါ့အတွက်တော့ ကြီးမားတဲ့အိပ်မက်တစ်ခုပဲ။ သီချင်းထွက်မယ့်နေ့ကိုမစောင့်နိုင်တော့ဘူး”လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။BLACKPINK အဖွဲ့နဲ့ Selena Gomez တို့ရဲ့ သီချင်းသစ် “Ice Cream” ကတော့ လာမယ့်ဩဂုတ် ၂၈ ရက်နေ့မှာထွက်ရှိလာမှာဖြစ်ပါတယ်။
- Mg Kaung