တေးသံရှင် ဆိုဖီယာအဲဗရက်စ် နဲ့ ကေကေမိုးကတော့ မြန်မာနိုင်ငံရဲ့ ဂီတရေစီးကြောင်းမှာ ကိုယ်စီကိုယ်စီအောင်မြင်နေကြတဲ့ မိန်းကလေးတေးသံရှင်တွေပါ။ ဆိုဖီယာအနေနဲ့ သူမနဲ့ ကေကေမိုးတို့ကြားက ခင်မင်မှုအတိုင်းအတာကိုအခုလိုမျိုးဖွင့်ဟလာပါတယ်။“ မကေနဲ့က ခင်လာတာ တစ်နှစ်ကျော်လောက်ရှိပြီ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုး စိတ်ကောက်တာတွေ မရှိဘူး။


မိန်းကလေး ကိစ္စပဲဖြစ်ဖြစ်၊ လူမှုရေးကိစ္စ၊ အလုပ်ကိစ္စပဲဖြစ်ဖြစ် အမြဲတမ်း တိုင်ပင်နေကြဆိုတော့ တော်တော်လေးကို ရင်းနှီးပါတယ်။ နေ့တိုင်းလည်း ဖုန်းပြောဖြစ်တယ်။ တစ်နေ့ကို (၃) ခါ၊ (၄) ခါလောက် ပြောဖြစ်တာ။ ပြီးတော့ မကေက စိတ်လည်းပျော့သလို ကိုယ့်အပေါ် အကြံဉာဏ်တွေပေးတယ်၊ ဆုံးမပေးတယ်။ တကယ်ကို အစ်မအရင်း တစ်ယောက်လို ခင်ရပါတယ်” လို့ သူကဆိုပါတယ်။ ဆိုဖီယာဟာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ကေကေမိုးက အစ်မတစ်ယောက်လို သွန်သင်ဆုံးမပေးတယ်လို့ ဆိုပါတယ်။ “ သူနဲ့က အတင်းတွေပြောတာထက် အချစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ပိုတိုင်ပင်ဖြစ်တယ်။ ညီမတို့ အခု အသက်အရွယ်ကလည်း ၂၈ လောက်ဖြစ်နေပြီဆိုတော့ တည်ငြိမ်ရမယ့် အချိန်ရောက်ပြီ။



နင်ငြိမ်ငြိမ်လေး နေတော့ဆိုပြီး သူကပြောပေမယ့် ပြီးရင် ကိုယ်ကလုပ်ချင်တာ လုပ်တာပဲ။ ကိုယ်က အရမ်းစိတ်မြန်တယ်။ ဝုန်းဝုန်းဒိုင်းဒိုင်း လုပ်တတ်တဲ့ အကျင့်ရှိတော့ တစ်ခုခုဆိုရင် စိတ်လျှော့ဖို့ အမြဲတမ်း ပြောတယ်။ ရည်းစားထားတဲ့ အရေအတွက်ကလည်း ကိုယ်က ပိုများတယ်။ ကိုယ်ကတော့ ၂၀၁၉ခုနှစ် မေလ ကတည်းက အခုထိ တစ်ယောက်တည်းပါပဲ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
- Mg Kaung