ဟစ်ဟော့ပ်အဆိုတော်တစ်ဦးဖြစ်တဲ့ Snare အဖွဲ့က နေဝင်းကတော့ ကိုဗစ်ကာလမှာ ဖြတ်သန်းဖြစ်တဲ့ပုံစံကိုအခုလိုပြောပြလာပါတယ်။” ကျွန်တော်တို့လည်း ကိုဗစ်ကာလဆိုတော့ အိမ်ထဲမှာနေတယ်။ မိန်းမယူဖြစ်တယ်၊ ထမင်းဟင်း ချက်တယ်။ သီချင်းရေးတယ်။ ကိုယ့်အိမ်မှာ ကိုယ့်ဘာသာကိုယ် Home Studio လေးရှိတော့ သီချင်း အကြမ်းလေးတွေ တီးတယ်။ Rap တွေ ရေးတယ်။ ဒါတွေကို လုပ်နေတယ်။ သေသေချာချာကြီး ငါဘယ်တော့ ဘာလုပ်မယ်ဆိုတာကတော့ မရှိသေးပါဘူး။ သီချင်းတွေပြီးသွားရင် အခွေအတွက် ရည်ရွယ်ထားတာတော့ ရှိတယ်။



ချက်ချင်းကြီးတော့ မဖြစ်နိုင်သေးပါဘူး။ဩဂုတ်လအကုန်နဲ့ စက်တင်ဘာလဆန်းလောက်မှာ သီချင်းအသစ် တစ်ပုဒ်တင်ဖို့ ရှိပါတယ်” လို့ဆိုပါတယ်။အဆိုပါသီချင်းသစ်ဟာ Snare အဖွဲ့အနေနဲ့မဟုတ်ဘဲ တစ်ကိုယ်တော်အဖြစ်ထွက်လာမယ့်အကြောင်းကိုလည်း နေဝင်းကပြောပါတယ်။” ကျွန်တော် တစ်ကိုယ်တော် ထွက်ဖြစ်မှာပေါ့။ တစ်ကိုယ်တော်က ကျွန်တော်မဆိုဖူးတဲ့ သီချင်းပုံစံမျိုး ဖြစ်မှာပါ။ ကျွန်တော့်စိတ်ထဲမှာ စိတ်ကူးတည့်ရာလုပ်ထားတဲ့ ပုံစံလေးတွေပါပဲ။ ကျွန်တော်ကတော့ နားထောင် ကြည့်စေချင်တယ်။ နားထောင်လိုက်တော့မှ နေဝင်း ဒီလိုပုံစံလည်းရပါလားဆိုတာကို သိသွားမှာပေါ့ လို့ဆိုပါတယ်။အိမ်ထောင်သည်ဘဝမှာချစ်သူဘဝကထက် ထွေထွေထူးထူးပြောင်းလဲသွားတာသိပ်မရှိပေမယ့် ဟင်းတော့အတော်လေးချက်တတ်သွားပြီလို့လည်းနေဝင်းကဆက်လက်ပြောပြပါသေးတယ်။



” ကျွန်တော်တို့ကတော့ ပုံမှန်ပါပဲ။ အရင်ကတည်းက ကျွန်တော်တို့က အတူတူပဲ လုပ်တာဖြစ်တယ်။ ကျွန်တော့် ကောင်မလေးနဲ့ ကျွန်တော် အတူတူပဲ လုပ်တာပါ။ အခုလည်း အဲဒီအတိုင်း အတူတူပဲလုပ်တယ်။ ကျွန်တော် ဟင်းချက်တဲ့အလုပ် တစ်ခုပဲ ပိုသွားတာပါ။ အကုန်လုံးကလည်း ကျွန်တော်ဝက်သား ကြော်တာကောင်းတယ်လို့ ပြောတယ်။ ပြီးတော့ အမဲနှပ်၊ ကြက်ဘူး၊ ချဉ်ပေါင်ဟင်း အဲဒီလိုမျိုးပေါ့။ ၁၀ မျိုးလောက်တော့ တော်တော်လေး ကျွမ်းနေပြီ ” လို့ပြောပြသွားခဲ့ပါတယ်။
- Mg Kaung