အနုပညာသက်တမ်း ၁၅ နှစ်ရှိလာပြီဖြစ်တဲ့ ဝတ်မှုံရွှေရည်ဟာ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်ယနေ့အချိန်အထိရပ်တည်နေနိုင်သူပါ။ သူမ ယနေ့အချိန်အထိ အခုလိုရပ်တည်နေနိုင်တာဟာ အမှား အမှန်ဝေဖန်ထောက်ပြပေးတဲ့ သူမရဲ့အမာခံပရိသတ်တွေကြောင့်ဖြစ်တယ်လို့ ဝတ်မှုံရွှေရည်ကဆိုပါတယ်။



“ ကစ်ကို အရမ်းချစ်တဲ့သူတွေကတော့ ကစ်ရဲ့အနောက်မှာ အမြဲတမ်း ရှိနေပေးကြတယ်။ အဲဒီ စိတ်ကလေးနဲ့ ကစ်မှာ ခွန်အားတွေ ရှိလာတယ်။ သူတို့က ကစ်ကို မျက်စိမှိတ်ချစ်တာ မဟုတ်ဘူး။ အမှား တစ်ခုခုရှိရင် သူတို့က ထောက်ပြတယ်၊ ဝေဖန်ပေးကြတယ်၊ ဒါတွေကို ကိုယ်ကလည်း လက်ခံတယ်။ ကစ် မင်းသမီး ပေါက်စကတည်းက ချစ်လာကြတဲ့ သူတွေပါ။ အခုဆိုရင် (၁၅) နှစ်လောက်ရှိပြီ သူတို့ ကြောင့်လည်း ကစ် အခုလို ရှေ့ဆက်သွားလို့ရတာပါ” လို့ဆိုပါတယ်။ မကြာသေးခင်က မွေးနေ့ကျရောက်ခဲ့တဲ့ ဝတ်မှုံရွှေရည်ရဲ့ ဒီနှစ်မွေးနေ့အတွက် အမှတ်တရ တစ်ခုကတော့ သူမရဲ့ နာမည်နဲ့ မွေးနေ့ရက်လေးကို တက်တူးထိုးခဲ့တဲ့ ပရိသတ်ကြောင့် ဝမ်းနည်း ဝမ်းသာ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေရဲ့ တန်ဖိုး ထားတတ်မှုကိုလည်း အရမ်းပီတိဖြစ်ရတယ်လို့ ဆက်လက် ပြောပြလာပါတယ်။




“ တက်တူးထိုးကြတဲ့ ပရိသတ်တွေထဲမှာ မှတ်မှတ်ရရ ရှိတဲ့ ပရိသတ်တွေ ရှိခဲ့ဖူးပါတယ်။ တက်တူးဆိုတာ ခန္ဓာကိုယ်ပေါ်မှာ ထိုးပြီးသွားရင် ပြန်ဖျက်လို့ မရတဲ့ အရာတစ်ခုပါ။ တက်တူးချည်းပဲ ကြိုက်တဲ့ လူတောင်မှ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သူတို့ ကြိုက်တဲ့ အရာပဲ တင်ကြတာလေ။ ကိုယ့်ဓာတ်ပုံ၊ ကိုယ့်နာမည်၊ ကိုယ်နဲ့ ပတ်သက်တာလေးကို တက်တူးထိုးတယ် ဆိုကတည်းက ကိုယ့်ကို ဘယ်လို တန်ဖိုးထားတယ် ဆိုတာ သိပါတယ်။ အရင်တုန်းကလည်း Fan Club ထဲမှာ Post တွေဘာတွေ တင်ပြီး ကျေးဇူးတင်ကြောင်း၊ ပီတိဖြစ်ရတဲ့ အကြောင်းတွေ ရေးခဲ့ဖူးတယ်” လို့ ပြောပြခဲ့ပါတယ်။
- Mg Kaung