ဒီနေ့ ဩဂုတ်လ(၁၀) ရက်နေ့ကတော့ အဆိုတော် ချစ်သုဝေရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူမကတော့ မွေးနေ့ရက်မတိုင်ခင်မှာကတည်းက မွေးနေ့အကြိုအလှူအတန်းတွေပြုလုပ်ရင်း ပီတိဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ” မွေးလလေးရဲ့ ဒုတိယမြောက်အလှူ..ဒီနှစ်မွေးနေ့လေးမှာ လှူခွင့်ရတာမှန်သမျှအတွက် ကြည်နူးမဆုံးဘဲ။ ဒီလိုတွေလှူဒါန်းနိုင်အောင်ဘေးကနေပံ့ပိုးကူညီကြတဲ့သူငယ်ချင်းတွေ ရှိနေရတာလည်းကံကောင်းခြင်းတစ်ပါးပဲ။ အလုပ်တွေလုပ်နိုင်စွမ်း အားရှိသရွေ့ သဒ္ဒါအားပိုတိုးလို့ လှူနိုင်တန်းနိုင်၊လှူချင်တန်းချင်သောသူပဲဖြစ်ရပါလို၏” ဆိုပြီးတော့ ဩဂုတ်လ (၉) ရက်နေ့ ည ၈ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။



ချစ်သုဝေဟာ ဩဂုတ်လ (၈) ရက်နေ့ တုန်းက သူမရဲ့ မွေးနေ့အကြို ပထမဆုံးအလှူအဖြစ် ပဲခူးရိုးမ၊ကျောက်တံခါးမြို့နယ်၊ ကုန်းမြင့်သာကျေးရွာ(၁၂မိုင်) မှာရှိနေတဲ့ ကိုယ်ထူကိုယ်ထမူလတန်းကျောင်းလေးမှာ “စာကြည့်တိုက်” ဆောက်လုပ် လှူဒါန်းဖို့အတွက် အလှူငွေများ လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ သူမရဲ့ မွေးနေ့ အလှူတွေမှာလည်း ခင်ပွန်းဖြစ်သူ အဆိုတော် လင်းလင်းက ပါရမီဖြည့်ပေးခဲ့တာ ဖြစ်ပြီး အနုပညာရှင် မောင်နှမများနဲ့ ပရိသတ်တွေကလည်း သာဓု (၃) ကြိမ် ခေါ်ဆိုခဲ့ကြပါသေးတယ်။



ဒါ့အပြင်ဒီနေ့မှာဆိုရင်လည်း သူမဟာနောက်ထပ်အလှူအတန်းတွေပြုလုပ်ဖြစ်တဲ့အကြောင်းကို
” မွေးလရဲ့တတိယ နဲ့စတုတ္ထမြောက်အလှူလေး လှူခွင့်ရခဲ့တယ်။ St. Mary ကျောက်တန်း ကလေးငယ်လေးတွေအတွက်လည်းလှူဒါန်းခွင့်ရခဲ့တယ်။စိန်ဂျုဒ်သာသနာမှ ဘုန်းတော်ကြီးFather Dominic Thet Tin ထံမှ ကောင်းချီးခံယူ၊ မစ္ဆားတရားတော်မြတ်နာယူရင်း တရားမြတ်တွေကိုနားကြားခွင့်ရခဲ့တဲ့မနက်ခင်းလေးပါပဲ။ ဘုရားရှင်ကောင်းချီးကြောင့် ဘုရားအလိုတော်ရှိသော အသက်တာနှင့် ရှင်သန်နိုင်သော ဘုရားသားသမီးဖြစ်စေတော်မူပါ ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားထားတာကိုတွေ့ရပါသေးတယ်။ချစ်သုဝေဟာ ခေတ်သစ်ဖောင်ဒေးရှင်းနဲ့လည်း ကိုဗစ်ကာလမှ အလှူအတန်းတွေ အဆက်မပြတ်ဆောင်ရွက်နေတာတွေ့ရပါတယ်။ COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လိုအပ်မှုရှိနေတဲ့ ဆေးရုံကြီးတွေ၊ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရတဲ့ နေရာ ဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး အလှူအတန်းတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။


ချစ်သုဝေဟာ ခင်ပွန်းဖြစ်သူ လင်းလင်းနဲ့အတူ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို ပိုင်ဆိုင်ထားသူတွေပါ။ သမီးလေး နှစ်ယောက်နာမည်နဲ့ ” ခေတ်သစ်ဖောင်ဒေးရှင်း” ကိုလည်း ထူထောင်ထားကာ မွေးရာပါ နှလုံးရောဂါပါရှိတဲ့ ကလေးငယ်တွေကို အဓိကထား ခွဲစိတ်ကုသစာရိတ်ထောက်ပံ့ပေးနေသလို ကလေးတွေရဲ့ ပညာရေးအတွက်ပါ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။
- Mg Kaung