တေးသံရှင် ယုန်လေး စီစဉ်ရိုက်ကူးတဲ့ “ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” သီချင်းရဲ့ Music Video ဟာ လတ်တလောမှာဝေဖန်မှုတွေများစွာနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ အဆိုပါ သီချင်းမှာ တက်သစ်စ နဲ့ နာမည်ကျော်ဝါရင့် တေးသံရှင်ပေါင်းများစွာက ပါဝင်သီဆိုပေးထားခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါပေမယ့်အဆိုပါ ကိစ္စရပ်များနဲ့ ပက်သက်ပြီး ဒီသီချင်းမှာပါဝင်သီဆိုခဲ့တဲ့ တေးသံရှင် ချမ်းချမ်းကတော့ သူမနေနဲ့ ယုန်လေးရဲ့ နှစ်ပေါက်တစ်ပေါက် ရိုက်တာခံလိုက်ရတဲ့အကြောင်းကို မီဒီယာတွေကတဆင့် ပွင့်ပွင့်လင်းလင်း ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။


” သီချင်းဆိုဖို့ လာခေါ်တုန်းကတော့ ဒီသီချင်းက ဘယ်ပါတီကိုမှ အစွဲမပြုမထားဘူး။ နိုင်ငံစည်းလုံးညီညွတ်ဖို့အတွက်ကို မဲပေးတဲ့အခါကျရင် မှန်မှန်ကန်ကန် မဲပေးဖို့ရယ် ၊ တိုင်းပြည်ကောင်းစားဖို့အတွက် စာသားလေးတွေရယ်ဆိုတော့ ညီမလေး ဆိုပေးနိုင်မလားဆိုတာနဲ့ သီချင်းဆိုပေးလိုက်တာ။ အခု သီချင်းဗီဒီယိုမှာ ပါတဲ့ ကလေးတွေ အားလုံးကလည်း အမလိုပဲ ဖြစ်လိမ့်မယ်။ကလေးတွေဆို ပိုဆိုးတာပေါ့။ မနေ့တနေ့ကမှ အဆိုတော်စလုပ်ကြတာ။သူတို့ ဘာမှမသိဘူး။ တိုင်းပြည်အတွက် သီချင်းကောင်းကောင်းတစ်ပုဒ်ဆိုပြီး လာဆိုပေးကြတာပဲ ရှိတယ် “” သီချင်းဗီဒီယိုရိုက်တုန်းက မိုးတွေရွာနေတဲ့အချိန် တစ်နေကုန် ရိုက်ရတာ တစ်ချို့ဆို ဖျားတောင်ဖျားကြတယ်။ စေတနာနဲ့ ကူညီပေးတာ ဘာတစ်ပြားတစ်ချပ်မှလည်း မရဘူး။ သူတို့ဘာသာ ကျန်တဲ့အပိုင်းတွေကို ရိုက်ပြီး edit ဆက်တာဆိုတော့ အမတို့နဲ့ မဆိုင်ဘူးပေါ့။ အမှန်အတိုင်း ပြောရရင် မုန်းလို့ ရွံလို့ သီချင်းဗီဒီယိုထွက်လာတော့ အစအဆုံးတောင် မကြည့်ဘူး။ လုပ်ကြံတာတွေပါတယ်ဆိုတော့လေ။ ဒီလို ရိုက်စရာလား။ အမှန်တော့ ခေါင်းဆောင်တွေကို ထိခိုက်ပြီး လုပ်တဲ့ အခုလို သီချင်းမျိုးက ရှိကို မရှိသင့်ဘူး။ တကယ့်သမိုင်းမှာ ရှိခဲ့တဲ့ ဖြစ်ရပ်ကြီးမလို့ ဗိုလ်ချုပ်ကို လုပ်ကြံလို့ သမိုင်းမှတ်တမ်းရိုက်တယ်ဆို တစ်မျိုးပေါ့နော်။ ဘာမှလည်း ခိုင်လုံတာ မရှိပဲ ကိုယ်ရိုက်ချင်တဲ့ ဇောကြီးတစ်ခုနဲ့ ရိုက်တယ်ဆိုတာကျတော့ အနုပညာရှင် အချင်းချင်း မျက်နှာ နာနာ မနာနာ အမကတော့ မကြိုက်ဘူး “



” နိုင်ငံရေးကို သေချာမသိဘူးဆိုလို့ရှိရင်တော့ အဲ့လိုတွေ မရိုက်သင့်ဘူး။ သူကတော့ စေတနာနဲ့ ရိုက်တာပေါ့နော်။ စစ်တပ်နဲ့ အမေစုနဲ့ ကြားကွဲနေတဲ့ အဖွဲ့တွေကို မကွဲစေချင်တဲ့အတွက် ပြည်သူတွေ အားလုံးကို ပူးပေါင်းလိုက်ပါပြီဆိုတာကို ပြချင်တာ။ သူပေးချင်တဲ့ သဘောတရားက ဟိုလည်း မရောက် ဒီလည်း မရောက်တဲ့အတွက် လူတွေက ဆဲကြတာ။ နိုင်ငံရေးအကြောင်း သေချာမသိပဲ အနုပညာသမားတစ်ယောက်အနေနဲ့ မလုပ်သင့်ဘူး။ အမတို့က ဘယ်ပါတီအတွက်မှ မဟုတ်ပဲ နိုင်ငံအတွက် ဆိုပြီး ဆိုပေးကြတာ။ ရိုက်တုန်းကလည်း အဆိုကဒ်ပဲ ရိုက်တာ နောက်မှ ပြန်ဆက်လိုက်တာကျ အမတို့နဲ့ မဆိုင်တော့ဘူး။ အဲ့လို နှစ်ပေါက်တစ်ပေါက်ရိုက်တာ အမက မကြိုက်ဘူး ” လို့ သူမက ပြောဆိုခဲ့တာဖြစ်ပါတယ်။
- Mg Kaung