ကြွေလွင့်သွားရှာပြီဖြစ်တဲ့ ကေပေါ့ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ Sulli နဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးမယ့်အကြောင်း MBC ရုပ်သံလိုင်းကနေ အတည်ပြုပြောဆိုထားပါတယ်။လက်ရှိမှာလည်း အဆိုပါမှတ်တမ်းရုပ်ရှင်ကို စတင်ရိုက်ကူးနေပြီး ထုတ်လွှင့်ပြသမယ့်အချိန်ကိုတော့ အတိအကျမသတ်မှတ်ရသေးဘူးလို့ဆိုပါတယ်။အဆိုပါ မှတ်တမ်းရုပ်ရှင်မှာတော့ Sulli ရဲ့ ဘဝဇာတ်ကြောင်းကို ဖော်ပြသွားမှာဖြစ်ပြီး သူမရဲ့ မိသားစုဝင်တွေ ၊ မိတ်ဆွေ သူငယ်ချင်းတွေ နဲ့ သူမရဲ့ အေဂျင်စီဖြစ်တဲ့ SM Entertainment က ဝန်ထမ်းအချို့ကို Sulli နဲ့ပတ်သက်ပြီး မေးမြန်းထားတဲ့ အင်တာဗျူး ပုံရိပ်တွေလည်း မှတ်တမ်းရုပ်ရှင်မှာပါဝင်မှာဖြစ်ပါတယ်။


Sulli ဟာ မနှစ်က အောက်တိုဘာလမှာ ကွယ်လွန်သွားခဲ့တာဖြစ်တာကြောင့် မကြာခင်မှာ သူမ ကွယ်လွန်တာ တစ်နှစ်ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ နှစ်ပတ်လည်နေ့ နီးကပ်လာတာနဲ့အညီ အဆိုပါမှတ်တမ်းရုပ်ရှင်မှာ တစ်ချိန်က သူမရဲ့ ပုံရိပ်တွေနဲ့ အကြောင်းအရာတွေကို ပြန်ပြောင်းအောက်မေ့ဖွယ် မြင်တွေ့ရဦးမှာဖြစ်ပါတယ်။Sulli ဟာ ၂၀၀၅ ခုနစ်တုန်းက “Ballad of Seodong” ဇာတ်လမ်းတွဲမှာ ကလေးသရုပ်ဆောင်အဖြစ် စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ အရွယ်ရောက်လာပြီးနောက်ပိုင်း ၂၀၀၉ ခုနစ်မှာတော့ နာမည်ကျော် မိန်းကလေး ကေပေါ့အဖွဲ့ f(x) ရဲ့ အဖွဲ့ဝင် တစ်ယောက်အဖြစ် ပွဲဦးထွက်နိုင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနစ်မှာတော့ အဖွဲ့ကနေ နှုတ်ထွက်ပြီးနောက် သရုပ်ဆောင်အလုပ်ဘက်ကို အာရုံစိုက်လုပ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။



၂၀၁၉ ခုနစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ သူမဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး ကွယ်လွန်သွားခဲ့ရပါတယ်။ မကွယ်လွန်ခင်မှာ ဆိုရှယ်မီဒီယာကတဆင့် ဝေဖန်တိုက်ခိုက်မှုနဲ့ cyberbullying များစွာ အလုပ်ခံခဲ့ရတဲ့ Sulli ဟာ ကွယ်လွန်ပြီးနောက်ပိုင်းမှာတော့ cyberbullying ရဲ့ အဓိက ပြယုဂ်တစ်ခုဖြစ်လာခဲ့ပြီး တောင်ကိုရီးယားက ဥပဒေပညာရှင်တွေဟာ သူမရဲ့အမည်နဲ့ ဥပဒတစ်ခုပေါ်ပေါက်လာဖို့လည်း ကြိုးပမ်းခဲ့ကြပါသေးတယ်။
source : soompi
- Mhmh Kaung