ကိုဗစ်ကာလအတွင်းမှာ ကျန်းမားရေးနဲ့ ပတ်သက်တဲ့ Home Workout များ ပိုမိုလုပ်ဆောင်ဖြစ်ကြောင်း ၊ Workout ဗွီဒီယိုများကိုလည်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှတဆင့် မျှဝေဖြစ်တဲ့အကြောင်းကို သရုပ်ဆောင် နန်းခင်ဇေယျာကဆိုပါတယ်။ကိုဗစ်ကာလအတွင်း သူမရဲ့ Homeworkout လုပ်ထားတဲ့ ဗွီဒီယိုများအား သူမရဲ့ နန်းခင်ဇေယျာ ဖေ့စ်ဘွတ်ပေ့ခ်ျမှတဆင့် မျှဝေပေးဖြစ်ပြီး အဆိုပါ ဗွီဒီများအတိုင်း လိုက်လုပ်သည့် သူမရဲ့ ပရိသတ်အချို့လည်း ကိုယ်အလေးချိန်များကျဆင်းလာတယ်လို့ ကြားသိရကြောင်း နန်းခင်ဇေယျာကပြောပါတယ်။



” နန်းခင် ဖေ့စ်ဘွတ်မှာတင်တဲ့ လေ့ကျင့်ခန်း ဗွီဒီယိုတွေဆိုရင်လည်း Like & Share အရမ်းများတယ်။ ကိုဗစ်ကာလမှာ Home Workout ကို နန်းခင် ပိုလုပ်ဖြစ်တယ်။ အိမ်မှာလည်းအားနေတော့ အဲ့ဒီလို ဗွီဒီယိုတွေလုပ်လိုက်တဲ့အခါ နန်းခင်ကိုယ်တိုင်လည်းလုပ်ဖြစ်သလို နန်းခင် ကိုယ်တိုင်က အစ အစားအသောက်ဆင်ခြင်ဖြစ်သွားတာပေါ့။ တချို့လည်း နန်းခင်လိုမျိုးလိုက်လုပ်တာ ၁၀ ပေါင် ၊ ၁၅ ပေါင်ကျသွားကြတယ် ပြန်ကြားရတော့ ကိုယ်လုပ်တာလေးက အရာထင်သွားတာပေါ့နော်။ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားနေပါတယ် ” လို့ သူမက ဆိုပါတယ်။



နန်းခင်ဇေယျာအနေနဲ့ ကိုဗစ်ကာလအတွင်း အနုပညာလုပ်ငန်းများရပ်နားထားခဲ့ရတဲ့အချိန်မှာ အခုလိုမျိုး အိမ်မှာနေရင်း လေ့ကျင့်ခန်းဗွီဒီယိုများ မျှဝေဖြစ်နေတဲ့အပြင် သူမတိုင်ချက်ပြုတ်ထားတဲ့ နန်းခင်မာလာရှမ်းကောကို အွန်လိုင်းမှတဆင့် ချက်ပြုတ်ရောင်းချလျှက်ရှိပြီး အားပေးမှု အများအပြားရရှိထားတာဖြစ်ပါတယ်။
- Mg Kaung