အနုပညာလောကမှာအောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင် တင့်တင့်ထွန်း ( ဆရာလေးဒေါ်နန္ဒမာလာ ) ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအမှားတစ်ခု ယနေ့ (ဇူလိုင် ၂၉ ရက်) နံနက်ပိုင်းမှာ လူမှုကွန်ရက်စာမျက်နှာတွေက တဆင့် ပျံ့နှံ့လျက်ရှိပါတယ်။အဆိုပါသတင်းအမှားနှင့်ပတ်သက်၍ ဆရာလေး ဒေါ်နန္ဒမာလာ (သရုပ်ဆောင်တင့်တင့်ထွန်း) ရဲ့မောင်နဲ့အဆက်အသွယ်ရှိတဲ့ အဆိုတော်မိုးမိုးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “တင့်တင့်ထွန်းဆုံးတယ် ဆိုတာလည်းမဟုတ်ပါဘူးတဲ့ခင်ဗျာ။ မတင့် ဆရာလေးရဲ့မောင်အရင်းကိုယ်တိုင် ပြောတာပါတဲ့။



သူသီတင်းသုံးတဲ့ကျောင်းမှာအေးချမ်းစွာ တရားအားထုတ်နေပါတယ်။ Online ပေါ်တင်မယ်ဆိုလဲနည်းနည်းလေးလောက် စုံစမ်းမေးမြန်းပြီးမှတင်ကြပါဗျာ။ မီးမီးခဲတုန်းကလည်း တစ်ခါ။ အခုလည်းတစ်ခါ။ စိတ်မကောင်းလို့ နှမြောလို့ တင်ကြတယ်ဆိုပေမယ့်သေချာ မစုံစမ်းမိတော့အနုပညာရှင်တွေက ခဏခဏ သေပေးနေရသလို ဖြစ်နေလို့ပါခင်ဗျာ” ဟုရေးသားထားခဲ့ပါတယ်။ထိုသို့သတင်းအမှားတွေ ဆက်တိုက်ထွက်ပေါ်လာသတာဟာအချိန်ကိုက်လုပ်ဇာတ်တစ်ခုသာဖြစ်ကြောင်း ဒါရိုက်တာဝိုင်းကလည်း သူ၏လူမှုကွန်ရက်စာမျက်နှာကနေမှတ်ချက်ပြုရေးသားထားခဲ့ပါတယ်။



ဒါ့အပြင် ထိုသတင်းနဲ့ ပတ်သက်ပြီး ဆရာလေး ဒေါ်နန္ဒမာလာ(သရုပ်ဆောင် တင့်တင့်ထွန်း)နဲ့ အဆက်အသွယ်ရှိတဲ့ မြရွှေပင်အနုပညာဆည်းဆာရိပ်မှ ဆရာတော် ဦးလှတောကလည်း ” ဆရာလေး ဒေါ်နန္ဒမာလာ(သရုပ်ဆောင် တင့်တင့်ထွန်း)ဟာ ကျန်းမာရေး ကောင်းမွန်ပြီး တရားထိုင်နေတယ်။ သူတစ်ပါး ဂုဏ်သိက္ခာကို မသေခင် အပုတ်မချကြပါနဲ့၊ ကိုယ့် Like ရဖို့ သူတစ်ပါး ဂုဏ်သိက္ခာကို မရင်းကြပါနဲ့” ဆိုပြီး မိန့်ကြားခဲ့တယ်လို့လည်း သိရပါသေးတယ်။ဆရာလေး ဒေါ်နန္ဒမာလာ(သရုပ်ဆောင်တင့်တင့်ထွန်း) ဟာ ဂီတလောက၊ သရုပ်ဆောင်လောက နဲ့ Model လောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သာသနာ့ဘောင်ထဲသို့ ဝင်ရောက်ခဲ့တာ ၁၀ နှစ်ဝန်းကျင်ရှိပြီဖြစ်ပါတယ်။
- Mg Kaung