ဖားကန့်မှာဖြစ်ပွားခဲ့တဲ့ မြေပြိုကျမှုကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ကျန်ရစ်သူ မိသားစုတွေအတွက် အလှူငွေ ကျပ်သိန်း ၅၀ ကို လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးထံ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဌ ဖိုးချစ်က သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။



ဖိုးချစ်ဦးဆောင်ပြီး အနုပညာရှင်တွေ ပါဝင်အားဖြည့် ပံ့ပိုးတဲ့ ” ပိုသူလှူ လိုသူကူ ” အွန်လိုင်းဈေးရောင်းပွဲတော်မှ ရရှိလာတဲ့ငွေတွေကို အခုလိုမျိုး လှူဒါန်းခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အခုအလှူဟာ အွန်လိုင်းဈေးရောင်းပွဲတော် ရက်သတ္တပတ်မှာ သဘင်မိသားစုတွေကို ချစ်မြတ်နိုးသော ၊ အများပြည်သူရဲ့ ဝိုင်းဝန်းအားပေးသော စုပေါင်းအလှူပင်ဖြစ်ပါကြောင်း သာဓုခေါ်ဆိုနိုင်ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ ရရှိသော အလှူငွေများကိုလည်း အမှန်တကယ်လိုအပ်သူများထံ ဆက်လက်လှူဒါန်းသွားမှာဖြစ်ပါတယ် ” လို့ ဖိုးချစ်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ပြောကြားခဲ့ပါတယ်။



ဖိုးချစ်ဦးဆောင်တဲ့ ” ပိုသူလှူ လိုသူကူ ” အစီအစဉ်ကတော့ ဖားကန့်ဒေသ မြေပြိုမှုကြောင့် ထိခိုက်ခံစားရသူများ နဲ့ ကိုဗစ်ကာလမှာ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ သဘင်လောကသားများအတွက် ရည်ရွယ်ကာ ပြုလုပ်တဲ့ အွန်လိုင်းဈေးရောင်းပွဲတော်ဖြစ်ပြီး အနုပညာရှင်များကိုယ်တိုင် ချက်ပြုတ်ထားတဲ့ ဟင်းလျာများကို ပါဝင်ရောင်းချခဲ့တာဖြစ်ပါတယ်။
- Mg Kaung