မြန်မာ့ရုပ်ရှင်သက်တမ်းဟာ မကြာခင်မှာ နှစ် ၁၀၀ ပြည့်မြောက်တော့မှာဖြစ်ပါတယ်။မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်အခမ်းအနားအတွက် ရုပ်ရှင်လောကသားအားလုံးဟာလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြသလို အဆိုပါ အခမ်းအနားကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကလည်း ကြိုးပမ်းနေကြပါတယ်။မကြာသေးခင်က ထွက်ပေါ်လာတဲ့ သတင်းအရ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲမှာ tiktok ပြိုင်ပွဲကို ထည့်သွင်းကျင်းပမယ်လို့ သိရပါတယ်။


ဒီအပေါ်မှာ ရုပ်ရှင်လောကသားတွေနဲ့ အနုပညာရှင်အသိုင်းအဝိုင်းကြားမှာရော ၊ ပရိသတ်တွေကြားမှာပါ သဘောထားကွဲလွဲမှုတွေရှိလို့နေပါတယ်။အခုလို tiktok ပြိုင်ပွဲကျင်းပမယ့်အပေါ် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဖိုးကျော်ကတော့ သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။“ ရုပ်ရှင် နှစ်တစ်ရာပြည့်မှာ Tik Tok ပြိုင်ပွဲတဲ့ သေလို့ရတယ်ဗျာ။ သူတို့တော့ မသိဘူး။ကျွန်တော်ကတော့ ရှက်တယ် ဗျ။ ကျွန်တော်က ဘာမှ မဟုတ်ပါဘူး၊ အပေအတေ လောက်ဆိုပေမယ့် ကျွန်တော် ရှက်တယ်။ နိုင်ငံတကာမှာဆို Tik Tok က အနုပညာမဟုတ်ဘူးဗျ။ ကလေး ကစားစရာပါပဲ။ ကျွန်တော်လည်း ကိုယ့်ထမင်း ကိုယ်စားပြီး ဒီစကားကို ပြောရတာပါ။ အမှန်ကတော့ ကောင်းစေချင်လို့ ကျွန်တော် ပြောတာပါ” လို့ ဆိုလာပါတယ်။



ဒါ့အပြင် “ကျွန်တော်ကတော့ ရုပ်ရှင်လောကကို ကောင်းမွန်စေချင်တယ်၊ တိုးတက်စေချင်တယ်၊ ကျွန်တော်ရှိနေတဲ့ အခိုက်အတန့်မှာလည်း တက်နိုင်သလောက် တွန်းပြီး ပံ့ပိုးပေးချင်တယ်။ တကယ်တော့ အနုပညာဆိုတာ အမျိုးသားရေးအထိ သွားတယ်လေ” လို့ ရုပ်ရှင်လောက အပေါ် သူ့ရဲ့အမြင်ကိုဆက်လက် ပြောပြခဲ့ပါတယ်။သရုပ်ဆောင် ဖိုးကျော်အနေနဲ့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေ အနည်းငယ်ကျဲနေပြီး သူ့ရဲ့ စကားပြောပုံ ဆိုပုံတွေကို ထုတ်လုပ်သူ နဲ့ ဒါရိုက်တာတွေက မျက်စိဆံပင်မွှေးစူးလို့ လာမငှားကြတာဖြစ်ပါလိမ့်မယ်လို့လည်း ပွင့်ပွင့်လင်းလင်းဖွင့်ဟသွားခဲ့ပါတယ်။