ဟာသလူရွှင်တော်ကြီး ဦးမိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် သူဟာ ဗွီဒီယို နဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ဇာတ်ပို့ သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ပါတယ်။အနုပညာသက်တမ်း အနှစ် ၄၀ ရှိပြီဖြစ်တဲ့ ဝါရင့် ဟာသလူရွှင်တော်ကြီးဦးမိုးဒီဟာ အသက်အရွယ်ရလာတာနဲ့အညီ အရင်ကလောက် အနုပညာလှုပ်ရှားမှုတွေကို ခပ်စိတ်စိတ်မပြုလုပ်နိုင်တော့တာတွေ့ရပါတယ်။သူ့အနေနဲ့ ကျန်းမာရေး မကောင်းပေမယ့်လည်း ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တွေအချင်းချင်း ပြန်တွေ့ရင် အရမ်းပျော်နေမိတယ်လို့ ဆိုပါတယ်။



ဒီအကြောင်းကို ဦးမိုးဒီက ရုပ်ရှင်အစည်းအရုံးမှာပြုလုပ်တဲ့ အလှူကို လာရောက်ရင်းပြောဆိုခဲ့တာဖြစ်ပါတယ်။“ဇာတ်ပို့ ဇာတ်ရံ မိတ်ဆွေတွေနဲ့ ရုပ်ရှင်အစည်းအရုံးမှာ အလှူရှိတော့မှ တွေ့ကြဆုံကြ၊ ရယ်မောကြနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြရင်းဆုံရတာပါ။ ဝမ်းလည်း ဝမ်းသာတယ်။ စိတ်ထဲမှာလည်း တကယ်ကို ရွှင်လန်းပြီး နေကောင်းသွားသလို ခံစားရတယ်။ ကိုယ်ဘာသာကိုယ်နေရင်တော့ မရယ်ဖြစ်ဘူး သူငယ်ချင်းတွေနဲ့ကြတော့ ပါးစပ်တောင် ပြန်စိ မရတော့ဘူး” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့တာပါ။ ဦးမိုးဒီဟာ အရင်က ကျန်းမာရေးအခြေအနေကြောင့် အနုပညာလောကကနေ အတန်ကြာ အနားယူခဲ့ရသလို လက်ရှိ ကိုဗစ်ကာလမှာလည်း ရိုက်ကူးရေးတွေ ရပ်နားထားရတဲ့ အခြေအနေတွေကြောင့် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေကို လွမ်းမိတယ်လို့ဆိုပါတယ်။



“ အတူတူ ဇာတ်ကားရိုက်ခဲ့ကြတဲ့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် သူငယ်ချင်းတွေကို လွမ်းတာမှ အရမ်းပါပဲ။ ဒီလူတွေကလည်း ဒီအလုပ်နဲ့ပဲ လုပ်ကိုင်စားသောက်နေကြတာဆိုတော့ ဇာတ်ကားရိုက်ရင်လည်း ဒီကားမှာ ဒီလူတွေနဲ့ တွေ့ရင် နောက်တစ်ကားမှာ နောက်လူတွေနဲ့ ထပ်တွေ့၊ ပြီးရင် တစ်လှည့်စီ ပြန်ဆုံကြနဲ့ မိသားစုအရင်းတွေလို ဖြစ်နေခဲ့ကြတာ။ အခုကြတော့ Covid ကြောင့် ခပ်စိမ်းစိမ်းနေနေရပြီလေ” လို့ ဦးမိုးဒီက ပြောပြခဲ့တာပါ။ဦးမိုးဒီဟာ ” ကိုးဆယ်ဆသာလိမ့်မယ် ” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီထူးချွန်ဆုကို ရရှိခဲ့ဖူးသလိုဖြစ်သလို မြန်မာ့ရုပ်ရှင်လောကမှာ အကယ်ဒမီ ဆုရရှိဖူးတဲ့ ရှားရှားပါးပါး ဟာသလူရွှင်တော်တွေထဲက တစ်ဦးဖြစ်ပါတယ်။
- Mg Kaung