အဆိုတော် မီးမီးခဲ သေဆုံးပြီဆိုတဲ့ သတင်းတစ်ခု ဇူလိုင် ၂၆ ရက် ညပိုင်းတွင် ထွက်ပေါ်ခဲ့ပြီး အဆိုပါသတင်းမှာ ကောလာဟလသာဖြစ်ကြောင်း မီးမီးခဲမိသားစုနှင့်နီးစပ်သူ အဆိုတော်မီးနိုက အတည်ပြုပြောကြားခဲ့ပါတယ်။” ညီမသူ့မိသားစုတွေနဲ့အတည်အကျပြောပြီးပြီ။ အခုက ပြန်ကောင်းလာတဲ့ အခြေအနေ တစ်ခုပြန်ဖြစ်သွားတာ။ ပြန်သက်သာသွားတာပေါ့။ အမကိုသတင်းအမှားတွေကြောင့် တစ်ခုခုဖြစ်မှာစိုးတယ်”ဟု ၎င်းကပြောပါတယ်။



ဒါ့အပြင် မီးမီးခဲကိုယ်တိုင်ကလည်း သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေတဆင့်” ပရိတ်သတ်ကြီးရှင့် !ကျွန်မ မီးမီးခဲ လက်ရှိကျန်းမာရေးအခြေနေမှာ ဆေးကုသမှု ဆက်လက်ခံယူနေရဆဲဖြစ်ပါတယ်။ လူအများကြီးက ဖုန်းခေါ်လာပြီးသတင်းမေးမှ Facebook မှာ သတင်းအမှားကြီးတက်နေတယ်ဆိုတာသိရလို့ပါ။ ကျွန်မရဲ့ ကျန်းမာရေးအတွက်ဆက်လက် ဆုတောင်းပေးကြပါနော် ” လို့ ရေးသားဖော်ပြထားခဲ့ပါတယ်။မီးမီးခဲ သေဆုံးပြီဆိုတဲ့ အဆိုပါ သတင်းအမှားကို လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ဇူလိုင် ၂၆ ရက် ည ( ၈ )နာရီဝန်းကျင်မှာ ရေးသားခဲ့တာဖြစ်ပြီး ဆက်လက်ဖြန့်ဝေသူများလည်း ရှိခဲ့ပါတယ်။



အဆိုတော် မီးမီးခဲဟာ ၂၀၁၇ ခုနှစ်ခန့်ကစ၍ ရင်သားကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ခံစားနေရသူဖြစ်ပြီး ဦးခေါင်းနဲ့ ညာဘက်ဦးခွံတို့မှာ ကင်ဆာဆဲလ်များ ထပ်မံတွေ့ရှိခဲ့ကာ ဓာတ်ရောင်ခြည်ကုထုံးများဖြင့် ဆေးကုသမှုခံယူနေခဲ့ရကြောင်း သိရပါတယ်။ကင်ဆာဆေးများရဲ့ဘေးထွက်ဆိုးကျိုးများကြောင့် မကြာသေးမီက ခြေထောက်တစ်ဖက်ကို ခွဲစိတ်ကုသခဲ့ရပြီး လမ်းလျှောက်ရန်ပင် အခက်အခဲဖြစ်ခဲ့ရကြောင်းလည်းသိရပါတယ်။
- Mg Kaung