လူတစ်​ယောက်ရဲ့ ဖြစ်တည်မှုကို ​စော်ကားပိုင်ခွင့်မရှိတဲ့အ​​​ကြောင်း​​ပြောပြလာတဲ့ Mary

တေးသံရှင် Mary ဟာ မကြာ​သေးမီက အမျိုးသားတစ်ဦးရဲ့ ပုဂ္ဂိုလ်​ရေးအရတိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ အဆိုပါ အမျိုးသားဟာ ဂီတ​လောကထဲက ​လောကသားတစ်ဦးဖြစ်ပြီး Mary ရဲ့ ​ပို့စ်​တွေ​​အောက်မှာ သူမရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းနဲ့ ပက်သက်ပြီး ​ဝေဖန်​ပြောဆိုခဲ့တာပါ။ ဒီအ​​ကြောင်းကို သိသိချင်းမှာ Mary ဟာ အဆိုပါ အမျိုးသား ​ရေးသားထားတဲ့ ​ကောမန့်​တွေကို screenshot ရိုက်ပြီး သူမရဲ့ ​ဖေ့စ်ဘွတ် စာမျက်နှာက​​တဆင့် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဒီအ​ကြောင်း​တွေနဲ့ပက်သက်လို့ Mary က အခုလို​ပြောပြလာပါတယ်။” စစချင်းတုန်းကတော့ Mary သိပ်သတိမထားမိဘူး။ ဒါပေမဲ့ နောက်ပိုင်းမှ သတိထားမိလိုက်တယ်။ သတိထားမိမိချင်းမှာပဲ သူက Mary ပို့စ်အောက်မှာ ရေးထားတယ်။ ရေးထားတာတွေ့တော့ သူငယ်ချင်းကို ပြလိုက်တယ်။ အဲဒီအချိန်မှာပဲ သူက နောက်ပုံတစ်ပုံအောက်မှာ Comment လုပ်ထားတာတွေ့တယ်။ ဒီလောက် ပြောလှချည်လားပေါ့။ ငါ့ကို ဘာလို့ အခုလိုမျိုးပြောနေတာလဲဆိုပြီးတော့ သူ့အကောင့်ကို ကြည့်လိုက်တဲ့အချိန်မှာ Mary ရဲ့ပုံတွေကို Save လုပ်ထားတဲ့ အပြင် သာမန်မိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့ ရင်သားဆိုပြီးတော့ ပေတံနဲ့ တိုင်းပြထားတယ်။ အဲဒီအောက်မှာ သူ့သူငယ်ချင်းအပေါင်းအဖော်တွေနဲ့အတူ Mary ကို လှောင်ရယ်ပြီး စကားအမျိုးမျိုးနဲ့ ပြောထားတာတွေ တွေ့ရတယ်။ ပိုပြီးတော့ စိတ်မကောင်းတာက သူတို့သည်လည်းပဲ အနုပညာလောကထဲကပဲ။ ဂီတာတီးတဲ့သူ၊ Piano တီးတဲ့သူ ရှိတယ်။ အဲဒီလိုမျိုး အနုပညာအသိုင်းအဝိုင်းထဲက မောင်နှမတွေက မိန်းကလေးတစ်ယောက်ကို ဝေဖန်တိုက်ခိုက်တာဖြစ်လို့ စိတ်မကောင်းဖြစ်တယ် ” လို့ Mary ကဆိုပါတယ်။

ဒါ့အပြင် သူမ အ​နေနဲ့ ​ဝေဖန်တိုက်ခိုက်မှု​ပေါင်းများစွာ ကြုံ​တွေ့ခဲ့ရ​သလို ဘယ်တုန်းကမှ မတုံ့ပြန်ခဲ့ဖူး​ပေမယ့် ယခုတစ်​ခေါက် ပြန်လည်တုံ့ပြန့်ရတာဟာ သူမကိုမှ မဟုတ်ဘဲ အခြား မိန်းက​လေးကိုမှ သူတို့ရဲ့ဖြစ်တည်မှုနဲ့ပက်သက်ပြီး ​​စော်ကားပိုင်ခွင့်မရှိတာ သိ​စေချင်လို့ဖြစ်တယ်လို့ Mary ကဆိုပါတယ်။” အဓိကက​တော့ ကိုယ် ပြောလိုက်တဲ့စကားတစ်ခွန်းက တစ်ဖက်မှာ ဘယ်လောက်အထိ ထိခိုက်နိုင်လဲဆိုတာ မသိနိုင်ဘူး။ ကိုယ်က အလုပ်တွေကော၊ အစစအရာရာ အဆင်ပြေနေတဲ့အချိန်မှာ ဒီစကားလေးသွားပြောတာက ဘာမှမဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ သူ့ဘဝမှာ အားလုံး အဆင်ပြေမနေတဲ့ အချိန်၊ အရာရာဆုံးရှုံးနေတဲ့ အချိန်မှာ ဒီလိုစကားမျိုးကို ပြောလိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့ စကားတစ်ခွန်းဟာ လူတစ်ယောက် ဘယ်လောက်ထိ ဖြစ်သွားနိုင်မလဲ မသိနိုင်ဘူး။

Mary တို့ လူငယ်တွေဆိုရင် နောက်ပိုင်း Suicide လုပ်တာတွေ များလာတယ်။ ဘာလို့လဲဆိုရင် တစ်ခုခုဆို ငြိမ်ခံရမယ်၊ သည်းခံရမယ်၊ ပြန်မပြောရဲတာတွေ၊ အဲဒါတွေများလာတယ်။ Mary က အဲဒါကြောင့် ဒါက သည်းခံစရာမလိုဘူး၊ ကိုယ့်ကိုလာပြောလို့ မခံနိုင်ရင် ပြန်ပြောပိုင်ခွင့်ရှိတယ်ဆိုတာကို ပြောချင်တာပါ။ Mary က သူတို့ကို တရား​တွေဘာ​တွေလည်း စွဲချင်လို့မဟုတ်ဘူး။ Mary ကိုမှမဟုတ်ဘူး တခြား ဘယ်မိန်းက​လေးကိုမှ သူတို့ ဒီလို​ပြောခွင့်မရှိဘူး။ လူတစ်​ယောက်ရဲ့ဖြစ်တည်မှုကို သူတို့မှာ​​စော်ကားပိုင်ခွင့်မရှိဘူး။ Mary အဓိကလိုချင်တာကတော့ အဲဒါပါပဲ ” Mary က လို့ဆိုပါတယ်​။Mary ဟာ ” မငိုပါနဲ့​တော့ ” နဲ့ ” ဝဲ ” အစရှိတဲ့ ​တေးသီချင်း​တွေနဲ့အတူ ဂီတ​လောကထဲ စတင်​ရောက်ရှိလာခဲ့ပြီး လက်ရှိမှာ ပရိသတ်အခိုင်အမာရထားတဲ့ မိန်းက​လေး​တေးသံရှင်တစ်ဦးလည်းဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.